ဒီနေ့ပေါ့ ...
ကြည်ဖြူကို သူငယ်ချင်းတစ်ယောက်က လာမေးတယ် ...
'' ပန်း ကြိုက်လား " တဲ့ ... အဲအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ် ... " ငါ ပန်းကြိုက်လား " လို့ပေါ့ ...
ကြည်ဖြူက မိန်းခလေးဆိုတော့ ယေဘုယျ အားဖြင့်တော့ ပန်းကြိုက်ပါတယ် ... ယောက်ျာလေးအများစု ထက်စာရင်ပေါ့ ... ရနံ ရှိရှိ၊ မရှိရှိ ပန်းလေးတွေကို စိတ်ဝင်စားမိတယ် ... ဒါပေမယ့် အခုချိန်မှာ ကြည်ဖြူ က ခေါင်းပေါ်မှာ ပန်းပန်ဖို့ထက် ပန်းကို ဘုရားပန်းကပ်ဖို့ပဲ ပိုစိတ်ကူးမိတယ် လို့ ပြောရမယ် ထင်တယ် ... ဘုရားပန်း ကပ်ဖို့ မလုံလောက်ဘူး ဆိုရင်လည်း အပင်ပေါ်မှာ ပန်းလေးတွေကို သူ့သဘာဝအတိုင်းပဲ ရှိနေစေချင်တယ် ... ပန်း လုံးဝ မပန်ဖူးတာတော့ မဟုတ်ပါဘူး ... ငယ်ငယ်ကဆို မေမေ ပန်းပေးတဲ့ နှင်းဆီပန်းနီနီကြီးတွေရယ်၊ စံပယ်ပန်း မွှေးမွှေးဖြူဖြူလေးတွေရယ်က ကြည်ဖြူခေါင်းပေါ်မှာ နေရာယူခဲ့ဖူးပါတယ် ...
မနက် ကျောင်းသွားကတည်းက မေမေပန်ပေးလိုက်တဲ့ နှင်းဆီပန်းနီနီကြီး တွေက နေ့ခင်းရောက်ပြီဆိုရင် ပွင့်လွန်းအားကြီးလို့ သူငယ်ချင်းတွေက နင့် နှင်းဆီပန်းက ဂေါ်လန်ကြီးဖြစ်နေပြီ လို့တောင် ပြောကြတယ်လေ ... စံပယ်ပန်း ပန်ပြီဆိုရင်လည်း ညအိပ်ရာဝင်ပြီးလို့ မိုးလင်းတဲ့အထိ မွှေးပျံတဲ့ ရနံ့က ကျန်နေဆဲ ... ဒါက ၅ တန်း ၆ တန်း အရွယ်လောက်ကပေါ့ ... ၈ တန်း ၉ တန်းလောက်လည်း ရောက်ရော နှင်းဆီပန်းနီနီကြီးတွေကိုတော့ မပန်ဖြစ်တော့ဘူး ... မေမေ ၀ယ်ပေးစရာ မလိုတော့ဘဲ ကျူရှင်နဲ့ နီးတဲ့ နှင်းဆီခြံကနေ နှင်းဆီပန်းလေး အရောင်လှလှ ဆန်းဆန်းလေးတွေ ၀ယ်ပြီး တခါတရံ ပန်ဖြစ်ခဲ့တယ် ... အတန်းပိုင် ဆရာမ အတွက်ရောပေါ့ ...
နောက် တက္ကသိုလ်ရောက်တော့ ပန်း သိပ်မပန်ဖြစ်တော့ပါဘူး ... တနေ့ကတော့ ကြည်ဖြူ ခေါင်းလျှော်နေစဉ် အိမ်ရှေ့မှာ စံပယ်ပန်း၊ ဇွန်ပန်း ဆိုတဲ့ အသံကြားလိုက်တယ် ... နောက် မေမေက " လာပါဦး " လို့ ခေါ်ဝယ်သံ လည်း ကြားလိုက်တယ် ... ဘုရားပန်း ကပ်ဖို့ဝယ်တယ်လို့ပဲ ထင်လိုက်မိတယ် ... ခေါင်းမြန်မြန်လျှော် ဆိုတဲ့ မေမေ စကားသံနောက်မှာ ခေါင်းခြောက်သွားရင် စံပယ်ပန်းပိုဝယ်ပေးထားတယ် ယူပန်လိုက်နော် ဆိုတာကိုလည်း ကြားလိုက်ရတယ် ... ဆံပင် ရေခြောက်သွားတော့ ရေအိုးစင်ပေါ်က စံပယ်ပန်းကုံးကို ယူပြီး ခေါင်းပေါ်မှာ ကျကျနန ပန်လိုက်မိတယ် ... လိမ်းနေကျ Hair Coat ရနံ့နဲ့ မတူဘဲ မွှေးပျံတဲ့ ရံနံ့အပြင် စိတ်ကြည်လင် လန်းဆန်းမှုတစ်ခုကို ခံစားလိုက်ရတယ် ... အဲခါကျမှ အော် ငါ ပန်းမပန်ဖြစ်ခဲ့တာ တော်တော် ကြာသွားပါပြီလား ဆိုတာကို သတိထားလိုက်မိတယ် ... ဒါအပြင် ကျောင်းခန်းထဲက သူငယ်ချင်းတွေကိုလည်း ပြန် သတိရသွားမိတယ် ... စံပယ်ပန်း ရံနံ့နဲ့ အတူပေါ့ ...
ဒီနေ့လည်း ခေါင်းလျှော်မိတဲ့နေ့ကိုမှ သူငယ်ချင်းက ပန်း ကြိုက်လား လှမ်းမေးတော့ ပန်းပန်ချင်စိတ် ဖြစ်သွားမိတယ် ... ဒါပေမယ့် အနားမှာ ပန်ဖို့ပန်းစံပယ်က လွယ်လွယ်မရနိုင်တာနဲ့ Online မှာပဲ Googling လုပ်ပြီး စံပယ်ပန်းတွေကို ကြည့်ဖြစ်သွားတယ် ... သူငယ်ချင်းတို့အတွက်လည်း စံပယ်ပန်းလေးတွေကို ဝေမျှပေးထားတယ်နော် ... တကယ်လို့ သူငယ်ချင်းတို့ထဲက စံပယ်ချစ်တဲ့သူတွေ ပါရင်လည်း ကြည်ဖြူ ဒီနေ့ ကြည့်ခဲ့တဲ့ စံပယ်လေးတွေကို ကြည့်ပြီး ပျော်ရွှင်မှု တခု ရပါစေလို့ မျှော်လင့်ရင်း စလေဦးပုညရေးဖွဲ့ထားတဲ့ စံပယ်ပန်းဆိုတဲ့ ကဗျာလေးကိုပါ ထည့်ပေးလိုက်တယ်နော် ...
*********************************
ပန်းစံပယ်၊ နန်လယ်မပေါ်ခိုက်ဟာမို့ ၊
အလိုက်တော်တန်သင့်ရုံပ၊ ခံပွင့်ကိုကုံး။
နန်းရဝေ၊ မန်းမြေ စံပယ်လှိုင်တော့၊
ခံပန်းခိုင် ယာယီရွေ့ တယ်၊ တောလေ့ရွာသုံး။
စလေဦးပုည
အလိုက်တော်တန်သင့်ရုံပ၊ ခံပွင့်ကိုကုံး။
နန်းရဝေ၊ မန်းမြေ စံပယ်လှိုင်တော့၊
ခံပန်းခိုင် ယာယီရွေ့ တယ်၊ တောလေ့ရွာသုံး။
စလေဦးပုည
0 comments:
Post a Comment